တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပ

ပုသိမ် ဇွန် ၆

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအား သက်ဆိုင်ရာတိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး  ငပုတောမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)က “အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်း(ခွဲ)များတွင် ဘာသာရပ်သင်ကျွမ်းကျင် ဆရာ/ဆရာမများ စိစစ်ခန့်ထားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်း၍ ဘိုကလေးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)က ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်းကြေညာခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နား၍ အစည်းအဝေးစတုတ္ထနေ့ကို ဇွန်လ(၈)ရက်နေ့ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)