မြစ်သား ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းက ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာမူရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးအကြောင်းအရာများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမား တွေလျော့နည်းပပျောက်အောင်ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း
သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)