ကျောက်ပန်းတောင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ပန်းတိုင်ရရှိရေး စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ၂ နာရီက စိုက်ပျိုးရေးဦးစီးဌာနရုံး စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် အဓိကသီးနှံ ၁၄ မျိုးအနက် ကျောက်ပန်တောင်းမြို့နယ်၌ စိုက်ပျိုးထားရှိသည့် သီးနှံ ၈ မျိုးကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများနှင့် တောင်သူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က စိုက်ပျိုးသီးနှံများ လျားထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးကြရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အထောက်အကူဖြစ်စေရန်အတွက် ယခုလို သွင်းအားစုများ ပံ့ပိုးပေးရခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ယင်းနောက်မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ရှိသူများက မြေပဲမျိုးစေ့ထုတ်နှင့် မြေပဲပန်းတိုင် စံပြကွက်အတွက် ကျောက်မှုံ့မြေဩဇာများ၊ နှမ်းမျိုးစေ့ထုတ်နှင့် နှမ်းပန်းတိုင်စံပြကွက်အတွက် ယူရီးယားဓာတ်မြေဩဇာများ၊ ပဲဇင်းငုံမျိုးစေ့ထုတ်နှင့် ပဲဇင်းငုံ စံပြကွက်အတွက် ယူရီးယားဓာတ်မြေဩဇာများနှင့် စပါးမျိုးစေ့၊ နေကြာမျိုးစေ့များကို သက်ဆိုင်ရာ တောင်သူများ လက်ဝယ်အရောက် ပေးအပ် ထောက်ပံ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နိုင်ငံတော်က ချမှတ်ထားသည့် အဓိကသီးနှံ ၁၄ မျိုးအနက် ကျောက်ပန်းတောင်းမြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မြှင်ရှည်ဝါနှင့် ကြက်သွန်နီ အစရှိသည့် သီးနှံ ၈ မျိုးကို စံပြကွက်များ ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ကျောက်ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် တောင်သူများ စုစုပေါင်း ၈၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)