ရန်ကုန် ဇွန် ၆
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးသည်အမျိုးသားရေးတာဝန်ကြီးတစ်ရပ်ဖြစ်ပြီး အားကစားအောင်မြင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာပင်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မည့် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့ရာ (၂၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခု၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကို အားကစားနည်း ၁၅ နည်းဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ တောင်ကြီးနှင့်လွိုင်ကော် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းအတွက် ကျောင်းတစ်ကျောင်း လျှင် အလှူငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၆၀၀ အားလည်းကောင်း၊ Golden Park SPA Land and Hotel မှ အလှူငွေကျပ် ၁၁၁ သိန်းနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်မှ လှူဒါန်းငွေကျပ် ၁၀ သိန်း၊ စုစုပေါင်းငွေကျပ် ၁၂၁ သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ အလှူငွေကျပ်သိန်း ၁၀၀ တို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားခဲ့ပြီး အလှူငွေကျပ် သိန်း၁၀၀ လှူဒါန်းပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်သည်။ ဆက်လက်၍ ES4E ကိုယ်ပိုင် အထက်တန်းကျောင်းမှ အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။
ယင်းနောက် အလှူရှင်များက အားကစားနှင့်ကာယပညာကျောင်းအကျိုးတော်ဆောင် ရန်ပုံငွေသို့ စုစုပေါင်းငွေကျပ် ၁၁၉၄၅၀၀၀၀ နှင့် သင်တန်းသား/သင်တန်းသူများအတွက် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ဗိုဗီနမ်ဝတ်စုံ ၁၂ စုံ၊ ငွေကျပ် ၁၀ သိန်းတန်းဖိုးရှိ ခဲဆံဘောပင်နှင့်ခဲသား ဒါဇင် ၂၀၀ တို့အားပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့က လက်ခံရယူ၍ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/ကျောင်းသူများကဝူရှူးအားကစားနည်းဖြင့်သရုပ်ပြဖျော်ဖြေခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစာအထောက်အကူပြုပစ္စည်းများအား ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့တွင် ကျင်းပမည့် ၅ ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ အတွက် စခန်းသွင်းထားသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်အောင်ဆက်လက်ကြိုးစားသွားကြရန် ပြောကြားခဲ့ပြီး အစည်းအဝေးခန်းမ၌ ခင်းကျင်းပြသထားသည့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများနှင့် အပြေးခြေတုများအား ကြည့်ရှုပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများအားတွေ့ဆုံအမှာစကား ပြောကြားသည်။
ဆက်လက်၍ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့်အမှုဆောင်များက အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေစုဆောင်းထားရှိမှုများ၊ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများ၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စခန်းသွင်းလေ့ကျင့်မှုနှင့် နေထိုင်သွားလာ စားသောက်ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ပညာရေးအခြေခံကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရေးအတွက် အတန်းပညာများ သင်ကြားပေးနိုင်ရေး၊ ရွှေတံဆိပ်ဆုများစွာ ရယူပြီးနိုင်ငံအလိုက်အဆင့်ရပ်တည်မှု၌ ယခင်ရရှိခဲ့သည့်အဆင့်ထက် သာလွန်အောင်ကြိုးစားသွားကြရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)