ကျောက်ကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောက်ကြီး ဇွန်လ ၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် (၈)နာရီအချိန်ကစတင်ပြီး မြို့မအားကစားဘောလုံးကွင်းနှင့် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်အနီးတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအနေဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အတူပူးပေါင်းပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ကျွန်းပျိုးပင်(၁၀၀)ပင်၊ ရေမနေပျိုးပင်(၅၀)ပင်၊ သင်းဝံပျိုးပင် (၇၀)ပင်၊ တပေပုရပျိုးပင် (၃၀)ပင်၊ ထိုင်ဝမ်ဗာဒံပျိုးပင် (၂၅)ပင်နှင့် တည်ပင်ပျိုးပင် (၂၅)ပင် စုစုပေါင်းပျိုးပင် (၃၀၀)ပင်အား သတ်မှတ်ထားသည့်နေရာများတွင် ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းမှာ စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးတို့ကို အထောက်အကူပြုစေရန်၊ သဘာဝတောများအပေါ် မှီခိုမှုလျော့ချနိုင်ပြီး သဘာဝတောများ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ထင်း၊ လောင်စာ၊ နေအိမ်သုံး၊ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်း၊ သစ်၊ တိုင်၊ မျောများ ဖြည့်ဆည်းနိုင်ရန်နှင့် ဒေသခံပြည်သူများမှ သစ်တော၊ သစ်ပင်များကို တန်ဖိုးထားတတ်လာစေရန်တို့ကို ရည်ရွယ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)