“မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွဖော်ဆောင်မှုမျှဝေခြင်း” အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၆

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး မဟာဗျူဟာ မြောက်ဖလှယ်မှုများကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ် မြန်မာအနာဂတ် ကံကြမ္မာ အတူတကွဖော်ဆောင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် ပိုမိုနက်ရှိုင်း၍ ခိုင်မာသော တိုးတက်မှုများရရှိစေရန် မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ ရည်မှန်းချက်ကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံတရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွဖော်ဆောင်မှုမျှဝေခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မိုးကောင်းလမ်းရှိ မြဝတီ မီဒီယာစင်တာ Ballroom တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ MIEC ကျောင်းသူများက “မာရှယ်ချန်ရိ” ရေသားသည့် “မြန်မာ့မိတ်ဆွေလက်ဆောင်မွန်” ကဗျာကို မြန်မာ-တရုတ် နှစ်ဘာသာဖြင့် ရွတ်ဆိုသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား‌ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က အမှာစကား ပြောကြားသည်။

၎င်းနောက် “မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွဖော်ဆောင်မှုမျှဝေခြင်း” အခမ်းအနားကို အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)