မိုင်းဖြတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဇွန်လ ၆ ရက်နံနက်ပိုင်းက နားမွန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက သဘာဝဘေးအန္တရာယ်ကြောင့် မိမိတို့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ဇွန်လ ၆ ရက်မှ ၈ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ခြင်း၊ ရပ်ရွာ အခြေပြု ဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဘေးဥပဒေ/နည်းဥပဒေများ၊ သတင်းအချက်အလက်များအား မှန်မှန်ကန်ကန် ဖြန့်ဝေတတ်စေရန် သတင်းပေးစနစ် မှန်ကန်ရှိရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူများ၊ ကျေးရွာနေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းများ၊ စိတ်ပါဝင်စားသူများတက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)