ပုသိမ်ကြီး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလတွင် နောက်ဆုံးထုတ်ပြန်ထားသော အကြံပြုချက်များအရ (၂၀၂၆) ခုနှစ်၊ မေလနှင့် ဇွန်လဆန်းတွင် အသက် (၁၂)နှစ်အထက်ရှိသူများအား COVID-19 Vaccine COMIRNATY LP.8.1 ကို အသုံးပြု၍ အောက်ပါဦးတည်အုပ်စုများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) ကြိမ်မျှ မထိုးနှံရသေးသော အသက် (၁၈)နှစ်အထက်ရှိသူများအား ကာကွယ် ဆေး (၁) ကြိမ် ထိုးနှံပေးခြင်း၊ ထပ်ဆောင်းကာကွယ်ဆေး (၁) ကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လ ပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အသက် ၆၀ နှစ်အထက်ရှိသူများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၁၂)လ ပြည့်ပြီးသော အသက် (၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက်(၁၂) နှစ်အထက် ကိုယ်ခံအားနည်း ရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် လိုအပ်သူများ၊ ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များကို ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)