လှည်းကူး သြဂုတ် ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၂)နာရီ(၁၀)မိနစ်က ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ဆိုင်ကယ် မောင်းနှင်ရာ၌ ဆိုင်ကယ်ဦးထုပ်များ ဆောင်းပြီးမှ စီးနင်း စေရန်၊ သတ်မှတ်ထားသော လူဦးရေ ထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်းမပြုစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာများကို သိရှိနားလည်စေခြင်းဖြင့် ယာဉ်တိုက်မှုအန္တရာယ်များ ကင်းဝေး ပပျောက် လာ စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျေးရွာနေပြည်သူ (၂၉)ဦးတို့က သိရှိလို သည်များကို မေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ဆွေးနွေးပွဲ တက်ရောက် လာသူများအား နှာခေါင်းစည်း (Mask)များတပ်ဆင်စေခြင်း၊ လက်များကို ဆေးကြော သန့်စင်နိုင်စေရန် Hand Gel များနှင့် ဆေးကြောစေပြီး အဆိုပါဆွေးနွေးပွဲကို Social distancing နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)