ဖြူး ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဖြူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေကျော်မှ အမှာစကား ပြောကြားရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာစွာဖြင့် အမှားနည်းနိုင်သမျှ နည်းအောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် တိုက်ထွန်း ပြောကြားပြီး ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းမှ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း(ပထမ) အကြိမ်ကို (၂၅.၇.၂၀၂၀)ရက်နေ့ မှစတင်ပြီး ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေငြာထား ခဲ့ပါသည်။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်များအနေဖြင့် မိမိတို့တာဝန်ယူထားကြသော နယ်မြေ အသီးသီး တွင် မဲဆန္ဒရှင်အမည်စာရင်း ကြေညာကပ်ထားမှုအခြေအနေအား သတ်မှတ်ကာလအတွင်း ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးကြ ပါရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တပြေးညီ အသိပေးကြပါရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရှိရသည်။
မနွယ်(ဖြူး)