မူဆယ် ဇွန် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့ကွက်မြေတိုင်းတာခြင်းလုပ်ငန်းကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ဆောင်ရွက်နေမှုအား ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ရက် (၁၀၀) ကာလတွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့ကွက်မြေတိုင်းတာခြင်းလုပ်ငန်းအဖြစ် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အကွက်အမှတ် (၉၇)၊ ဧရိယာ (၂၈.၈၄၄) ဧကရှိနေရာတွင် မြို့နယ်မြေစာရင်းဦးစီဌာနမှ ဝန်ထမ်းများက မြို့ကွက်မြေပုံထူထောင်နိုင်ရေးအတွက် မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်သည်။ မြေတိုင်းတာရာတွင် အသုံးပြုလျက်ရှိသော ပစ္စည်းများကို ဂြိုလ်တုများနှင့် ချိတ်ဆက်၍ ကိုဩဒီနိတ်စနစ်များဖြင့် တိုင်းတာဆောင်ရွက်ကာ အသုံးပြုမြေပုံထွက်ရှိရေးနှင့် မြို့ကွက်မြေတိုင်းတာခြင်းနှင့်ပတ်သက်၍ စနစ်တကျ မြို့ကွက်မြေပုံ ထူထောင်ထားရခြင်းမရှိသေးသော မြို့ကွက်မြေနေရာများအား မြို့ကွက်မြေတိုင်းတာခြင်းကို စနစ်တကျဆောင်ရွက်ပြီး၊ ပုံနှိပ်မြေပုံရရှိသည်အထိ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ယခုတိုင်းတာနေသည့် အကွက်အမှတ် (၉၇) အပါအဝင် မြို့ကွက်(၈)ကွက်အား တိုင်းတာဆောင်ရွက် သွားရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့ကွက်မြေတိုင်းတာသည့်နေရာသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့မြေတိုင်းတာရာတွင် ပိုမိုခိုင်မာမှုရှိစေရေးအတွက် မြေပြင်ထိန်းအမှတ် (Ground Control Point) စိုက်ထူထားရှိမှုအခြေအနေနှင့် မြေတိုင်းမှတ်တိုင် (မြေတိုင်းပြွန်) စိုက်ထူထားရှိမှုအခြေအနေများအား မူဆယ်ခရိုင် မြေစာရင်းဦးစီးဌာနမှူး ဦးစိုးထွန်းအောင်နှင့် မူဆယ်မြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးဝေယံမောင်တို့က အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်