မိုးနဲ ဇွန် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးကကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်းက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ယခုထောက်ပံ့ပေးအပ်လိုက်သော မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို တောင်သူများစနစ်တကျ အကျိုးရှိစွာအသုံးပြုစေ လိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက မျိုးစေ့နှင့်ဓာတ်မြေဩဇာများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ပြီး မိုးနဲမြို့နယ်နှင့်ကျိုင်းတောင်းရှိ မျိုးစေ့ထုတ် ၅၅ ဧက၊ စံပြစိုက်ကွက် ၂၀ ဧက၊ စုစုပေါင်း ၇၅ ဧကအတွက် ပြည်နယ်အစိုးရငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောင်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)