တာချီလိတ်မြို့၌ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တာချီလိတ် ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ သိရှိအသုံးချနိုင်စေရန် ရည်ရွယ်၍ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံအထွက်နှုန်းတိုးမြှင့်ရေး၊ သီးနှံရောဂါနှင့် ပိုးမွှားကာကွယ်နှိမ်နင်းရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေးနှင့် မြေဩဇာ စနစ်တကျသုံးစွဲရေးဆိုင်ရာ နည်းပညာများကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြပြီး တောင်သူများအား စပါး၊ နေကြာ၊ ကော်ဖီနှင့် ရော်ဘာပျိုးပင်များ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူ ၁၂၆ ဦးအား သီးနှံစွန့်ပစ်ပစ္စည်းများမှ ဘိုင်အိုချာ (Biochar) ပြုလုပ်နည်းနှင့် မျိုးစပါးများ၏ အရည်အသွေးကောင်းမွန်မှုကို စစ်ဆေးနိုင်သည့် မျိုးစပါး ဆားရည်စိမ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်စွာမျိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းမြင့်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း