လှိုင်းဘွဲ ဩဂုတ် ၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြေဩဇာထောက်ပံ့ပေးအပ်ပွဲတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော စိုက်ပျိုးတောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို လိုအပ်သည့်အချိန်၊ လိုအပ်သည့်ပမာဏများကို အလွယ်တကူရရှိပြီး ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ပြီး လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာများကို ထောက်ပံ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန်နှင့် တောင်သူများ၏ အခက် အခဲများကို ကူညီဆောင်ရွက်ပေးရန်နှင့် စပါးပင်များအတွင်းကျရောက်နိုင်သော သဘာဝဖျက်ပိုးများ ကာကွယ်နှိမ်နှင်းရန်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ (၁၆) ရွာမှ တောင်သူ (၃၉) ဦးအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာအိတ် (၈၅) အိတ်ကို တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)