ပင်လုံ ဇွန် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံတက္ကသိုလ်တွင် ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ပင်လုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိဘက်စုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က အမှာစကားပြောကြား၍ လွိုင်လင်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူက ကျန်းမာရေးအသိပညာများအကြောင်း၊ လွိုင်လင်ခရိုင် မူးယစ်တပ်ခွဲစုမှူး ရဲမှူးကြီးဌေးလှိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုနှင့် တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ရဲအုပ်ဝေဖြိုးမောင်က လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးအကြောင်းများကို အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
၄င်းနောက် အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဌာနမှူးနှင့် စီမံအရာရှိများ၊ မော်ကွန်းထိန်းများနှင့် ကျောင်းသား/ ကျောင်းသူများ၊ လွိုင်လင်ခရိုင်ဆေးရုံအုပ်ကြီး၊ မူးယစ်တပ်ခွဲစုမှူးနှင့် အဖွဲ့များ၊ လူကုန်ကူးမှုနှင့် တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ရဲအုပ်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၂၈ဝ) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)