လသာမြို့နယ် အ.မ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

လသာ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့ညနေပိုင်းက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လသာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများကိုဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဂိမ်းပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခါးလှည့်ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)