မိုးညှင်း ဇွန် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက် (၁၁) နာရီက ညောင်ကိုင်းကျေးရွာမှ တောင်သူ (၅၁) ဦး ဧက (၃၀၂) ဧကအတွက် ချေးငွေကျပ် (၉၀၆) သိန်းအား အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကချင်ပြည်နယ်မန်နေဂျာ ဦးစိုးကိုကိုဝင်းက အမှာစကားပြောကြားရာ၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ တိုးမြှင့်ထုတ်ချေးပေးသော စိုက်ပျိုးစရိတ်ချေးငွေများအား သီးနှံပေါ်ချိန်၊ ငွေပေါ်ချိန်တို့တွင် မပျက်မကွက် ပြန်လည်ပေးဆပ်ရမည့် ချေးငွေများဖြစ်ပါကြောင်းနှင့် တောင်သူလယ်သမား ဦးကြီးများအနေဖြင့်ရရှိသော စိုက်ပျိုးစရိတ်ချေးငွေများကို မိမိတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ထိရောက်စွာ အကျိုးရှိရှိအသုံးချနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများမှ သိရှိလိုသည်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်မန်နေဂျာက လိုအပ်သည်များအား ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ပေးအပ်ရာ ပြည်နယ်မန်နေဂျာ ဦးစိုးကိုကိုဝင်း၊ ခရိုင်ဘဏ်(ခွဲ) မန်နေဂျာနှင့် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်ဝယ်အရောက် အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း