တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

မြစ်ကြီးနား ဇွန် ၁၉

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာသူအဖြစ် (၄၃) ဦးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်း အဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။

ထို့နောက်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၁)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁) ခုနှင့်  စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁)ခုကို စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း (၇) မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး တတိယနေ့တွင်တင်သွင်းခဲ့သော ပြည်နယ်လွှတ်တော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ရေးရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဆိုင်ရာကော်မတီ ဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ (၇) ဦးတို့၏ အမည်စာရင်းနှင့် ကော်မတီဥက္ကဋ္ဌ အဖြစ် ချီဖွေမြို့နယ်မဲဆန္ဒနယ်၊ကိုယ်စားလှယ်အမှတ်(၂)ဦးကွမ်ငါးနော်အောင်နှင့်ကော်မတီအတွင်း‌ရေးမှူး အဖြစ် ဆော့လော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားအလှယ်အမှတ် (၂) ဦးလဟန်ဇောင်းခေါင်တို့ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်မည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်သည်။

ပြည်နယ်(ပြန်/ဆက်)