တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

တောင်ဥက္ကလာ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁၁) ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ အခမ်းအနားတွင် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူသူ၊ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်တင်ထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်ဟောပြောခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၊ Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး) က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်းရှားမှု ‌လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲများကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များမှ စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖတို့ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)