ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ Placement Test စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇွန် ၁၉

ကချင်ပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အထူး အစီအစဉ်တစ်ရပ်အနေဖြင့် Placement Test ကို မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း များတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စာစစ်ဌာနဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယမန်နေ့နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ကျောင်းတွင်း စာသင်ဆောင်များ၌ ကျောင်းအုပ်နှင့် သင်ကြားရေး ဆရာ၊ ဆရာမများက ကြီးကြပ်မှုဖြင့် Placement Test (အထူးအစီအစဉ်)ဖြင့် အရည်အချင်းစစ် စာမေးပွဲကို Grade-7 အတန်းအတွက် စာရင်းရှိဦးရေစုစုပေါင်း ၄၀၇ အနက် ၃၇၉ ဦးနှင့် Grade-8 အတန်းအတွက် စာရင်းရှိဦးရေစုစုပေါင်း ၃၀၂ ဦးအနက် ဖြေဆိုသူ ၂၈၁ ဦးတို့ ဝင်ရောက်‌ဖြေဆိုနေမှုများ အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ Placement Test (အထူးအစီအစဉ်)ဖြင့် အရည်အချင်းစစ် စာမေးပွဲကို ကချင်ပြည်နယ် အတွင်း ခရိုင် (၆)ခရိုင်အနက် ခရိုင် (၅)ခုရှိ မြို့နယ် (၁၀)မြို့နယ်တွင် စာစစ်ဌာန ၂၁ ခုဖွင့်လှစ်၍ Grade-4 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ (၈၆၁၄) ဦးအနက် ယနေ့တွင် ဖြေဆိုသူ ဦးရေ စုစုပေါင်း (၇၃၈၂) ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)