မိုင်းဖြတ် သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပြန်ကြေညာနိုင် ရေးအတွက် ယမန်နေ့ နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က ၂၀၂၀ပြည့်နှစ် ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပြန်နိုင်ရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရေး ၊ အောင်စာရင်း လာရောက် ကြည့်ရှုသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျဆောင်ရွက်ရေး၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ခြောက်ပေအကွာမှနေ၍ ကြည့်ရှုစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် ရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်အတွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းဖြတ်) စာစစ်ဌာနတစ်ခုဖြင့် ကျင်းပခဲ့ပြီး ကျောင်းသား ၉၅ ဦး၊ ကျောင်းသူ ၁၆၂ ဦး စုစုပေါင်း၂၅၇ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)