မချမ်းဘော ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က မူးယစ်ဆေးဝါးတို့ရှောင်ရှားခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူးယစ်အန္တရာယ်တို့ကာကွယ် ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အထကမချမ်းဘောကျောင်းမှ Grade-6 ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့ကလည်းကောင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှားခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို Grade-7 ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့ကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာမများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲ၊ သုတရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွေနီ(မချမ်းဘော)