လွိုင်လင် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်များ၊ နောင်လိုင်၊ ဟဲနန်း၊ ဆဟောင်းကျေးရွာမှပြည်သူများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကတ်များကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူများကလက်ခံရယူကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ကျန်းမာရေး ဆိုင်ရာ ဆေးပဒေသာပင်အတွက် လှူဒါန်းငွေပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီးနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ပြီးမြောက်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ပင်လုံမြို့ ရှေ့တန်းစခန်းရုံးတာဝန်ခံ ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် နောင်လိုင်ကျေးရွာ၊ ဟဲနန်းကျေးရွာ၊ ဆဟောင်းကျေးရွာရှိ အသက် ၁၀ နှစ်ပြည့်ပြီး ၁၈ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ၈၀ ဦးတို့အားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး