မိုင်းယုမြို့၌ ကျောင်းသား၊ကျောင်းသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြော

မိုင်းယု ဇွန် ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောမှုကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောမှုတွင် နယ်‌မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများ ဖြစ်ကြသည့်အတွက် လမ်းပေါ်တွင် သွားလာလှုပ်ရှားရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးဂရုပြု လိုက်နာကြရန် လိုအပ်ပါကြောင်း၊ စက်ဘီး သို့မဟုတ် ဆိုင်ကယ်စီးနင်းပါက သတ်မှတ်ထားသော စည်းကမ်းအတိုင်း မောင်းနှင်ပြီး ဆိုင်ကယ်စီးဦးထုပ်ကို မပျက်မကွက် စနစ်တကျဆောင်းခြင်းတို့သည် မိမိကိုယ်တိုင်၏ အသက်အန္တရာယ်ကို ကာကွယ်ရုံသာမက အခြားလမ်းအသုံးပြုသူများကိုပါ ဘေးကင်းစေပါကြောင်း၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းနှင့် ဆိုင်ကယ်ကို မဆင်မခြင် အရှိန်ပြင်းစွာ စီးနင်းခြင်းတို့သည် တစ်သက်တာ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းအထိ စိတ်မကောင်းဖွယ်ဖြစ်ရပ်များကို ကြုံတွေ့ရစေနိုင်သဖြင့် မိမိတို့၏ နေ့စဉ်ဘဝတွင် စည်းကမ်းကို တန်ဖိုးထား စောင့်ထိန်းကြရန်လိုအပ်ပါကြောင်း  ပြောကြားသည်။

ထို့နောက် ဒု-ရဲအုပ် ကောင်းဖြိုးဝေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသည် လူငယ်လူရွယ်များ၏ တောက်ပသော အနာဂတ်၊ ပညာရေးနှင့် လူမှုဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အဆိပ်အတောက်များ ဖြစ်ပါကြောင်း၊  မသိနားမလည်မှု၊ စူးစမ်းလိုစိတ် သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်းများ၏ ဆွဲဆောင်သွေးဆောင်မှုများကြောင့် မူးယစ်ဆေးဝါးကို တစ်ကြိမ်တစ်ခါမျှပင် စမ်းသပ်မသုံးစွဲမိရန် အထူးအရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါး သားကောင်ဖြစ်သွားပါက ကိုယ်ခန္ဓာကျန်းမာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ယိုယွင်းပျက်စီးလာပြီး မိသားစု၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ ပစ်ပယ်ခြင်းကို ခံရကာ အမှောင်ထုထဲသို့ ကျရောက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ၏ ပညာရှာဖွေရမည့်အရွယ်တွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သတိပြုလျက် မကောင်းသော အလေ့အထများနှင့် ပတ်ဝန်းကျင်ကို "လုံးဝ (မလုပ်ပါ)" ဟု ပြတ်ပြတ်သားသား ငြင်းပယ်နိုင်သည့် စိတ်ဓာတ်ခွန်အားကို မွေးမြူကြရန်လိုအပ်ပါကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ယင်းနောက်  တက်ရောက်လာကြသည့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး ဗွီဒီယိုအား ပရောဂျက်တာဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်