ပုံပါကျင် ဇွန် ၂၀
ရှမ်းပြည်နယ်(ရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း စာသင်သားရရှိရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက မိဘပြည်သူများ၊ ကျောင်း သား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောရှင်းလင်းခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအားဘော်က Grade-9 ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်ကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလတွင် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသော အသက်မွေးဝမ်းကျောင်း အတတ်ပညာ များကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီဖြစ်သဖြင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စိတ်ဝင်စားသည့်မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများသိရှိနိုင်ရေး အခြေခံပညာအထက်တန်း၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ စသည့်ပညာရေး လမ်းသွယ်လေးမျိုး ရွေးချယ်သင်ယူနိုင်သည့် အခွင့်အလမ်းများကိုပြောကြားခဲ့ပြီး မိဘပြည်သူများက သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူတို့ကလိုအပ်သည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)