ဟိုပုံး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ၁၀ နာရီက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ ခေါင်းဆောင်မှုအရည်အသွေးတိုးတက်မြှင့်မားလာစေရန်၊ လူငယ်များအသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်တို့က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးပြောကြသူများဖြစ်ကြသော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 မဇင်မင်းမင်း အောင်၊ Grade-10 မမေဖူးရတီထွဋ်၊ Grade-12 မောင်ထက်မြတ်၊ Grade-11 နန်းစန်းစန်းထွေး၊ တို့က “လူငယ်နှင့် မူးယစ်ဆေး“ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)