နမ့်စန်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်

နမ့်စန်(တ) ဇွန်  ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သော သင်တန်းများမှ ပေါ်ထွက်လာသည့် လုပ်ငန်းထူထောင်လိုသူများအား လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားကာ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ လွိုင်လင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရာဇာနှင့် တာဝန်ရှိသူများက  ဟိုင်းနားလေးကျေးရွာ ဝင်ငွေတိုး စီမံကိန်းသင်တန်းမှ သင်တန်းသူ(၅)ဦးကို ဆပ်ပြာမွှေစက် အပါအဝင် လုပ်ငန်းသုံး ပစ္စည်း(၁၁)မျိုးကို ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)