ပူတာအိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ပူတာအို ဇွန် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးရာသီကျရောက်လာပြီဖြစ်သဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်လာပါက ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ကြိုတင်စုဖွဲ့ထားရှိသောအဖွဲ့များဖြင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ နမ်ထွမ်ချောင်း သံကူကွန် ကရစ်တံတား၌ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတု ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက Tripot နည်းစနစ်နှင့် ကြိုးချည်နည်းစနစ် (MA System) အသုံးပြု၍ ရေတွင်းအသက်ကယ်ဆယ်ရေး၊ ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းအဆင့်ဆင့်များကို အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရဲဟိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ဒေသခံပြည်သူများကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)