တောင်ကြီး ဇွန် ၂၀
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ရှမ်းပြည်နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လင်းခေးမြို့နယ်၊ ဒါးဆိပ်လျှပ်စစ်ရေတင်လုပ်ငန်း ရေတင်အဆင့်(၁)တွင် 238 KW (Hybrid) Solar Pumping System တွဲဖက်တပ်ဆင်ခြင်း ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါဖွင့်လှစ်ခြင်းအခမ်းအနားသို့ ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တင်ဒါကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ/လုပ်ငန်းရှင်များအနေဖြင့် အောင်မြင်သည့်တင်ဒါအမျိုးစားအလိုက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုတင်သွင်းကြရန်၊ ပစ္စည်းများအား လုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ သတ်မှတ်ကာလအတွင်း အချိန်မီပို့ဆောင်ရန်နှင့် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့များအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျ ရွေးချယ်ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝေဖြိုးကျော်က တင်ဒါစည်းမျဉ်း/ စည်းကမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက် ကြပြီး တင်ဒါများအား ဖွင့်ဖောက်စစ်ဆေးကြကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)