ပေါင်းတည် ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဩဂုတ်လ (၄) ရက်နေ့ ညနေပိုင်းက မင်းကွက်(၁) ရပ်ကွက် စည်ပင်ဝန်းအတွင်း နေထိုင်သူအများစုမှာ လတ်တလော အော့အန်ဝမ်းဗိုက်နာပြီး ဝမ်းပျက် ဝမ်းလျှောမှုများ ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူ တစ်ဦး ၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ သတင်းရရှိမှုအပေါ် ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပဏာမ စုံစမ်းမှုများ ပြုလုပ်ရန်နှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်မှုများနှင့်အတူ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရပ်ကွက် အတွင်းသို့ သွားရောက်ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖွဲ့မှ ဦးစွာကုသမှုများ စတင်ဆောင်ရွက်ပေးခြင်း၊ ရောဂါဖြစ်ပွားသည့် လူနာသစ်များရှာဖွေခြင်း၊ ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဖြစ်ပွားသည့် ရောဂါအကြောင်းရင်းအား ပြင်ပတွင် လတ်တလော ထွက်ပေါ်နေသည့် အစာအဆိပ်သင့်ခြင်း ဖြစ်သည် ဆိုသည့် သတင်းအပေါ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောကြားရာတွင် ဖြစ်ပွားသည့်လူနာအများစုမှာ အဆိုပါ ရပ်ကွက်အတွင်းရှိ အလှူအိမ်(၂)အိမ်မှ ကြာဇံကြော်၊ နို့စိမ်းခေါက်ဆွဲနှင့် ပြင်ပအစားအစာများကို စားသုံးမိခဲ့ကြောင်းနှင့် စားသုံးပြီး နာရီအတန်ကြာမှ ယခုကဲ့သို့ ရောဂါစတင်ဖြစ်ပွားခဲ့ကြောင်း သွားရောက် စာရင်းကောက်ယူမှု အရ လူနာ(၃၁)ဦးရှိပြီး လက်ရှိအခြေအနေ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသနေသူ (၂)ဦးမှာလည်း ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် အခြားရောဂါများကြောင့် တက်ရောက်ကုသမှု ခံယူနေရခြင်း ဖြစ်ကြောင်း၊ အဆိုပါလူနာ များအား ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် ဓာတ်ခွဲ စမ်းသပ် အဖြေထွက်ရှိမှသာ အစာအဆိပ်သင့် ခြင်းကြောင့် ရောဂါဖြစ်ပွားခဲ့ရခြင်း ဟုတ်/မဟုတ် အတည်ပြု ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ယခုရောဂါဖြစ်ပွားမှုမှာ ဒေသခံများ အနေဖြင့် အရေးကြီး စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း ပြောကြားချက်အရ သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)