မိုင်းပျဉ်း ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းအောက်ရွာ ရွာအဝင်လမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလွင်က ပျိုးပင်များပေးအပ်ရာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသခံပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ပျိုးပင်များ လက်ခံရယူကြသည်။ထို့နောက် တက်ရောက်လာကြသူများအားလုံး စုပေါင်း၍ ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား(၅၀)ပင်နှင့် မယ်ဇလီ(၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၂၅၀)ကို စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် ရုံးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နှင့် ဒေသခံကျေးလက်ပြည်သူများ စုစုပေါင်း အင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)