မိုးကောင်းမြို့ နန့်ရင်းချောင်းရေ စိုးရိမ်ရေအမှတ်အထက်မှာ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

မိုးကောင်း ဇွန် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ရင်းချောင်းရေအမှတ် (၆၂၉) စင်တီမီတာ ရောက်ရှိနေပြီး ချောင်းနှင့်ထိစပ်သည့် အလယ်ရပ်အောက်ချိုင့်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်နှင့်နတ်ကြီးကုန်းရပ်ကွက် မြေနိမ့်ပိုင်းတွင် စုစုပေါင်း အိမ်ခြေ (၁၀၀၀) ကျော်ခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မိုးကောင်းချောင်းရေစိုးရိမ်ရေ အမှတ်မှာ (၆၀၀) စင်တီမီတာဖြစ်ပြီး နန့်ရင်း‌ချောင်းရေ (၆၂၉) လက်မရှိပြီး နန့်ကောင်းချောင်းရေအမှတ်မှာ (၆၁၁) စင်တီမီတာရှိကြောင်း ဇွန်လ (၂၀) ရက် နံနက်(၉) နာရီခွဲ မိုးလေဝသနှင့်ဇလ‌ဗေဒဦးစီးဌာန တိုင်းထွာချက်အရ သိရသည်။

နန့်ရင်းချောင်းရေမြင့်တက်မှုကြောင့် သဘာဝဘေးဖြစ်လာပါက ဈေးကုန်းရပ်ကွက်ရှိ သာသနာ့ဗိမာန်၊ နောင်ကိုင်တော်ရပ်ကွက်ရှိ မိုးလုံလေလုံခန်းမ၊ အရှေ့ရပ်ဓမ္မာရုံ၊ အလယ်ရပ်ကွက်ရှိ မြို့နာမ်ဓမ္မာရုံ၊ နန့်ရင်းရပ်ကွက်ရှိ တရုတ်ဘုံကျောင်း၊ ကျွန်းတောရပ်ကွက်ရှိ နှီးဘုရားတွင် ရေဘေးသင့်ပြည်သူများအား ယာယီရွှေ့ပြောင်းနေထိုင့်မည့်နေရာများ၊ သယ်ယူရွှေ့ပြောင်းရေးယာဉ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်မှုဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေအတက်အကျပေါ်မူတည်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိ‌ပြီး လိုအပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)