လွိုင်လင်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လွိုင်လင် ဇွန် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက တပ်ဦးရတနာစည်စာသင်တိုက်ကျောင်းဝန်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင် နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။ ယင်းနောက် တပ်နယ်မှူးဦးဆောင်၍ သစ်ပင် ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။ယင်းနောက် တပ်နယ်မှူးနှင့် အကြီးအကဲများမှ လိုက်လံကြည်ရှုအားပေးခဲ့ကြသည်။

ယနေ့ လွိုင်လင်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ခါတော်မီစသည့် သစ်ပင်အမျိုးအစား (၁၁) မျိုး၊ ပျိုးပင်ပေါင်း ၁၅၀၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး