တာချီလိတ် ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဥပဒေဆိုင်ရာအသိပညာမြှင့်တင်ရေး ဟောပြောပွဲနှင့် အိမ်ခြံမြေဥပဒေပညာပေးသင်တန်း အမှတ်စဉ် (၄၆/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက ဝိန်းကျောက်ရပ်ကွက်ရှိ Lord Eagle Hotel တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)ဗဟို ဥက္ကဋ္ဌ ဦးန္ဒနကျော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး MRPDA ရှမ်းပြည်နယ်အရှေ့ပိုင်းရုံးခွဲ (တာချီလိတ်) ဥက္ကဋ္ဌ ဦးကျော်သီဟက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
သင်တန်းတွင် AML/CFT ဆိုင်ရာအသိပညာများ၊ အိမ်ခြံမြေအခွန်ဆိုင်ရာ အကြောင်းအရာများ၊ ယာမြေနှင့် လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီးဟောပြောပို့ချခဲ့ကြသည်။ ထို့ပြင် ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) က အိမ်ခြံမြေလုပ်ငန်းတွင် အောင်မြင်မှုရရှိရေး၊ ခေတ်မီဈေးကွက်ရှာဖွေရေးနည်းလမ်းများ (Marketing 7.0)နှင့် ထိရောက်သော ဆက်သွယ်ပြောဆိုမှုစွမ်းရည်များအကြောင်း မျှဝေဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ MRPDA ရှမ်းပြည်နယ်အရှေ့ပိုင်းရုံးခွဲ (တာချီလိတ်) နှင့် အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်း (တာချီလိတ်ခရိုင်) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၅၀ ဦး တက်ရောက်လျက်ရှိကာ ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း