မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ မြစ်ချောင်းကမ်းပါးများတွင် ရေအိမ်ဆောက်လုပ်ထားခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်း မရှိစေရေးများကို  ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ပန်းခြံဆောင်ရွက်နိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီး အုတ်/ထုံးလိုင်စင် ရရှိထားသူများအား လိုင်စင်ပါစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာတွင် သဘာဝရေထိန်းတော၊ ကြားခံဧရိယာ၊ ရေထွက်တော ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း