မြန်အောင် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါအဖြစ်များဆုံးဖြစ်သည့် တောင်ရိုးတိုက်နယ် လက်ပံကွင်းကျေးလက်ကျန်းမာရေးဌာန မျှင်ဝါးတောင်ကျေးရွာတွင် ယနေ့နံနက်က တာရှည်ခံဆေးစိမ်ခြင်ထောင် (၈၀၀၀) အခမဲ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ငှက်ဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် မြန်အောင်မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၁) ဦးဝင်းကိုကိုက ဆေးစိမ်ခြင်ထောင် သုံးစွဲပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် ၊ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများက ဒေသခံပြည်သူများအား တာရှည်ခံဆေးစိမ်ခြင်ထောင်များပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် စမ်းရွာကြီးအုပ်စု စမ်းရွာကြီးကျေးရွာ စိတ္တသုခဘုန်းတော်ကြီး ကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး (ကျန်းမာပညာ) ဒေါ်ဣန္ဒဏီတို့က ငှက်ဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆေးစိမ်ခြင်ထောင်သုံးစွဲပုံအဆင့်ဆင့်ကို စမ်းရွာကြီးအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အသိပညာပေးဟောပြော၍ ဆေးစိမ်ခြင်ထောင်များပေးအပ်ခဲ့ပြီး ကျေးရွာအတွင်း ဆေးစိမ်ခြင်ထောင်သုံးစွဲနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)