မော်လမြိုင်ကျွန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား UID ကတ်ပြားများထုတ်ပေးခြင်းနှင့် ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက် (၁၃) လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်းဆေးဦးစီးဌာန ဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်ပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ရောင်းချပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အာဟာရအစားစာများလည်း လှူဒါန်းပေးခဲ့ကြပြီးနောက် နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအတွက် UID နံပါတ်များ ထုတ်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)