အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

အမာ  ဇွန်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ်(၁၂)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ‌ဖေမြင့်ရေးသားထားသည့်  “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း”  စာအုပ်တွင် ပါရှိသည့်စာဖတ်ခြင်းကြောင့် အသိပညာဉာဏ် အ‌မြော်အမြင်ပြည့်ဝကာ ဘဝတိုးတက်မှု ရရှိနိုင်ကြောင်းနှင့် ဉာဏ်အမြော် အမြင်သည် စာဖတ်ခြင်းမှရရှိနိုင်သည့် အမြင့်မားဆုံးဆုလာဘ် ဖြစ်ကြောင်း၊ စာအုပ်စာပေများထဲတွင် အသိပညာတွေချည်းမဟုတ် ၊ အဆိပ်အတောက်တွေ လဲပါဝင်နေနိုင်ကြောင်း၊ စာဖတ်သည့်အခါ စိစစ်ဝေဖန်သောစိတ်ဖြင့် ဖတ်ရန်လိုကြောင်းကို စာဟူသည်ကဝိတို့၏ပစ္စည်း၊ ကဝေတို့၏မာယာ ခေါင်းစဉ်ဖြင့် ဖော်ပြထားချက်များကို သာဓကများဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များကလည်းမိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့်  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် ရုံးတွင်း နံရံကပ်အသိပညာ‌ ပေးစာစောင်များပြသထားရာ လူငယ်များမှလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)