ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျုံပျော် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျုံပျော်မြို့နယ် တောချောင်းကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပျိုးပင်များအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်တို့ကပေးအပ်ရာ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူပြီး သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

သစ်တောဦးစီးဌာန၊ ကျုံပျော်မြို့နယ်အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂ဝ၀)ဦးက ကျွန်း ၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ စသည့်သစ်မျိုး (၇)မျိုး ၊ စုစုပေါင်း သစ်ပင်(၂၀၀) အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)