မချမ်းဘောမြို့၌ ရက် ၁၀၀ စီမံချက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်

မချမ်းဘော ဇွန် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေဆိုင်ရာ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းကို တက်ရောက်လာကြသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် သင်ကြားပို့ချသော ဥပဒေပညာဆိုင်ရာများကို အလေးထားလေ့လာသင်ယူကြရန်နှင့် မိမိတို့သည်မြေပြင်တွင် အမှန်တကယ် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူများကို အုပ်ချုပ်စီမံခန့်ခွဲသူများဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် ဥပဒေနည်းဥပဒေများသေချာစွာသိရှိမှသာ ​လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးများတက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ဥပဒေအရာရှိ ဦးယန်မီဆင်ဆားရ်က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ၊ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ထိ နေ့စဥ်နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မချမ်းဘောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်း ၃၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

ယောရွှေနီ