တာလေမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

တာလေ ဇွန်   ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၁ နာရီက နားယောင်းကျေးရွာအုပ်စု၊ ပါနော့(ဟောင်း)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာ စကားပြောကြားပြီး တာချီလိတ်မြို့နယ်ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက အမှာစကားပြောကြားသည်။ ယင်းနောက် တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်အား  တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ တာချီလိတ်မြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် အဆိုပါကွန်ကရစ်လမ်းသစ်အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၁ ဒသမ ၆၅)သန်းဖြင့် လမ်းအရှည် (၂၈၀)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့် (၆)လက်မရှိ ကွန်ကရစ်လမ်းအား ခင်းကျင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)