မိုင်းရှူး ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က ကျောင်းစည်းကမ်းအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယုက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အန္တရာယ်များအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အနာဂတ်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအကြောင်း ဟောပြောသည်။ ယင်းနောက် နည်းစနစ်မှူးက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံးနှင့် ဘော်လီဘော(၁)လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးက သဘာဝဘေးအကြောင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးအကြောင်းဟောပြောပြီး ဂက်(စ်)မီးလောင်မှုဖြစ်ပါက မီးငြိမ်းသတ်နည်းနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကျန်းမားရေးဆိုင်ရာနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)