မိုင်းကိုင် ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာသွားလမ်းအနီး ကွင်းပြင်၌ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်မင်းသိန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လုပ်သား ပြည်သူများ စုစုပေါင်း ၂၄၅ ဦး တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ရေသင်းဝင်၊ မဲဇလီ၊ ထင်းရှူး၊ စိန်ပန်းနီ နှင့် ချယ်ရီ စုစုပေါင်း ပျိုးပင် (၆၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ မိုင်းကိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် နှစ်ရှည်ပင်များဖြစ်သော ကျွန်း၊ ရေသင်းဝင် ၊ မဲဇလီ ၊ ထင်းရှူး နှင့် အရိပ်ရပန်းအလှပင်များဖြစ်သော စိန်ပန်းနီ၊ ချယ်ရီပျိုးပင်စုစုပေါင်း (၂၅၀၀၀)ပင်တို့ကို မြို့မပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိပြီး ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)