စစ်တွေ ဇွန် ၂၃
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယမန်နေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး ဒုတိယပုံမှန် အစည်းအဝေး (ဒုတိယနေ့)သို့ မတက်ရောက်နိုင်သောကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် မင်းပြားမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းထွန်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် ခေတ်မီစက်ကိရိယာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးဝါးများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ခေတ်မီဆေးရုံကြီး တစ်ခုဖြစ်ပေါ်လာရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ၍ ယင်းအဆိုနှင့် ပတ်သက်ပြီး လက်ခံ ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားကို ရယူသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းထွန်း၏ အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)