စစ်တွေ ဇွန် ၂၃
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်သူရ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာများကို အငြိမ်းစား ဝန်ထမ်းများအား ပေးအပ်ကြသည်။ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က အနီးကပ်ကြီးကြပ်ကာ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သောဆေးဝါးများ ကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများ ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့ပြင်မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇နာရီမှစတင်၍ ပင်စင်လစာငွေများ ကိုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)