ကျောက်မဲ ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းသားငါးကဏ္ဍ ဖူလုံစေရန်ရည်ရွယ်၍ ယမန်နေ့က မွေးမြူရေးဇုံသို့တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့သည် မွေးမြူရေးဇုံအတွင်း အဓိကထားမွေးမြူထားသည့် ဥစားကြက်အကောင်ရေ ၁၃၆,၅၀၀ ခန့် မွေးမြူထားရှိမှုအခြေအနေများနှင့် အခြားမွေးမြူထားရှိသည့် ဝက်၊ နွား မွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရှုကာ တိရစ္ဆာန်များကျန်းမာသန်စွမ်းမှု ရှိမရှိ၊ ဇုံအတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် ဇီဝလုံခြုံမှု (Biosecurity) ရှိမရှိ အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများသည် မွေးမြူရေးဇုံအတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာ လုပ်ငန်းရှင်များဘက်မှ မွေးမြူရေးဇုံအတွင်း လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ရရှိရေး၊ ဇုံတွင်းလမ်းများခင်းပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ထို့အတူ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေတင်ပြတောင်းခံထားခြင်း ကိစ္စရပ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်နှင့် ဇီဝလုံခြုံမှုဆိုင်ရာ လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။ ထိုသို့ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ၏တင်ပြချက်၊ ဆွေးနွေးချက်များအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)