လင်းခေး၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာ စောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

လင်းခေး ဇွန်၂၃

၂၀၂၆ ခုနှစ် ဇွန်လ၂၆ ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို လင်းခေးမြို့၊ တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမြတ်လင်းက မူးယစ်ဆေးဝါးစတင်သုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စာရိတ္တပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါး၏ကျေးကျွန်မဖြစ်စေရေး သတိပြုရှောင်ကြဉ်ရန်အချက်များနှင့် မူးယစ်နွံတွင်မနစ်စေရန်အတွက် တွေးတောဆင်ခြင်သုံးသပ်နိုင်ပြီး၊ ဗဟုသုတရကြွယ်ဝစေမည့်စာပေများလေ့လာရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဟော ပြောခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)