လိပ်သိုမြို့အထက ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး

လိပ်သို ဇွန် ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းတို့ကို ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ မင်းသန်းနိုင်(မုဒုံ) ၏ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါး အန္တရာယ်ကဗျာ၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သရုပ်ဖော်ရုပ်ပြများပါဝင်ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

နော်ဖလောရင်း