ရွှေသောင်ယံ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာ၌ ယမန်နေ့နေ့လယ်ပိုင်းက ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်အိအိခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ သွားရောက်၍ ဆေးစိမ်ခြင်ထောင် (၆၈) လုံးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ငှက်ပျောချောင်းကျေးရွာသည် ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စုအတွင်း၌တည်ရှိပြီး လှေနှင့်တစ်ဆင့်သွားရောက်ရသည့် အစွန်အဖျားကျေးရွာတစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေသောဒေသတစ်ခုဖြစ်သည်။
ထို့ပြင်တောတောင်ကြား၌တည်ရှိသည့် ချောင်းဖျားရွာဖြစ်သည့်အတွက် ခြင်းပေါက်ဖွားမှု အန္တရာယ်များ ပိုမိုများပြားခြင်းကြောင့် ညအိပ်သည့်အခါ ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော ရောဂါများမှကာကွယ်နိုင်ရန် ရွှေသောင်ယံမြို့ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်ကာ ဆေးစိမ်ခြင်ထောင်များကို အခမဲ့ထုတ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက်ကျန်းမာရေးဌာနမှ ရွှေသောင်ယံမြို့၊ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများ၍လည်း ဆေးစိမ်ခြင်ထောင်များ အခမဲ့ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်