နမ့်စန်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများကို ငလျင်ဘေးအန္တရာယ်အသိပညာပေး၍ ဇာတ်တိုက်သရုပ်ပြ

နမ့်စန်(တ) ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ငလျင်ဖြစ်ပွားစေသည့်အကြောင်းအရင်းများနှင့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးထိခိုက်မှုများ၊ ငလျင်ဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ငလျင်မကျရောက်မီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါကအရေးပေါ်တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍  ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသောလူနာများကို ရှာဖွေကယ်ဆယ်မှုသရုပ်ပြသခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ကိုယ်တိုင်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)